ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ အသေးစိတ်ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးအမှာစကားပြောကြား

 

နေပြည်တော်။ မေလ (၂၉)ရက်။

ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ အသေးစိတ်ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ (၂၈-၅-၂၀၁၈)ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်-

– ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသေးစိတ်ပြန်လည် သုံးသပ်ရာတွင် လက်ရှိကျင့်သုံးနေသော လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအားလုံးကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊
– ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးညွှန်းစာများနှင့် မှတ်တမ်းမှတ်ရာ အစီရင်ခံစာကိစ္စရပ်များ အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန် ဗဟို/တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အစား အသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီများသို့ တာဝန်ပေးအပ်ပြီးဖြစ်ပါ ကြောင်း၊
– အဆိုပါကော်မတီနှင့် ဆေးဝါးအကြံပေးကော်မတီများ၏ ဖွဲ့စည်းပုံ၊ အဖွဲ့ဝင်အမျိုး အစား၊ လုပ်ငန်းနှင့်တာဝန်ဝတ္တရားများကိုလည်း ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊
– မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပြဿနာသည် အမျိုးသားအဆင့် အရေးပေါ်ပြဿနာကြီး တစ်ရပ်ဖြစ်သလို တစ်ဖက်၌လည်း ကင်ဆာရောဂါလူနာများအတွက် နာကျင်မှုဝေဒနာ သက်သာစေရန်နှင့် အခြားကျန်းမာရေးဆိုင်ရာ ကုသရေးလုပ်ငန်းများတွင် ထိန်းချုပ်ဆေးဝါး များကို ရရှိသုံးစွဲနိုင်ရေး၊
– နိုင်ငံအတွက် နှစ်စဉ်လိုအပ်သော ထိန်းချုပ်ဆေးဝါးပမာဏ တွက်ချက်သတ်မှတ်ရာတွင် ရသင့်သည့်လူနာများကို ထောက်ပံ့ပေးနိုင်ရေးနှင့် စနစ်တကျ ထိန်းချုပ်ရေးသည်လည်း အရေးကြီးပါကြောင်း၊
– မူးယစ်ဗဟိုနှင့် အခြားနှီးနွှယ်ဆက်စပ်နေသော ဌာနအသီးသီးမှ တက်ရောက်လာ ကြသူများက မိမိလုပ်ဆောင်နေသောလုပ်ငန်းများအလိုက် လိုအပ်ချက်များ၊ အားနည်းချက်၊ အားသာချက်များနှင့် မိမိတို့၏အမြင်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

ယင်းနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော်နှင့် တာဝန်ခံဆရာဝန်ကြီး/စီမံချက်မန်နေဂျာ(မူးယစ်ဆေးစွဲ ရောဂါ)၊ ဒေါက်တာနန္ဒမျိုးအောင်ဝမ်းတို့မှ ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ ဆောင်ရွက် နေသောလုပ်ငန်းများကို အသီးသီးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးတပ်ဖွဲ့မှ ရဲမှူးချုပ် နှင့် ဌာနမှူး၊ ဆေးတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးမှ ပါမောက္ခချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ သစ်တောဦးစီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် ဆေးပညာဌာန ဆေးဝါးဗေဒတို့မှ ပါမောက္ခ/ဌာနမှူးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *